လိင်နှင့်မျိုးဆက်ပွားကျန်းမာရေးနှင့် အခွင့်အရေးများ(Sexual and Reproductive Health and Rights (SRHR))
လိင်နှင့်မျိုးဆက်ပွားကျန်းမာရေးနှင့် အခွင့်အရေးများ(Sexual and Reproductive Health and Rights (SRHR)) မှာ အပိုင်း၄ပိုင်းရှိပြီး –
၁.လိင်ပိုင်းဆိုင်ရာအခွင့်အရေး
၂. လိင်ပိုင်းဆိုင်ရာကျန်းမာရေး
၃.မျိုးဆက်ပွားဆိုင်ရာအခွင့်အရေး
၄.မျိုးဆက်ပွားဆိုင်ရာကျန်းမာရေး တို့ဖြစ်ကြသည်။
လိင်ပိုင်းဆိုင်ရာအခွင့်အရေးဆိုသည်မှာ လူ့အခွင့်အရေးများဖြစ်ပြီး မည်သူမဆိုမိမိ၏ လိင်နှင့်မျိုးပွားခြင်းဆိုင်ရာအကြောင်းအရာများ အပေါ်ကိုယ်ပိုင်ဆုံးဖြတ်နိုင်ပြီး ထိန်းချုပ်နိုင်သောကိစ္စရပ်များဖြစ်သည်။ ၎င်းဆုံးဖြတ်ချက်များသည်လည်း အတင်းအကြပ်ခြိမ်း ခြောက်ခြင်း၊ အကြမ်းဖက်မှုများမရှိဘဲ လိင်နှင့်မျိုးဆက်ပွားဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်သောသတင်းအချက်အလက်နှင့် ကျန်းမာ ရေးဝန်ဆောင်မှုများကို သူတို့၏လိင်မှုဆိုင်ရာခံယူချက်နှင့်ပတ်သက်၍ ခွဲခြားဆက်ဆံမှုမရှိဘဲရပိုင်ခွင့်ရှိပါသည်။
လိင်မှုဆိုင်ရာအခွင့်အရေးများတွင်လိင်ဆက်ဆံဖော်(များ)ကိုရွေးချယ်ခွင့်၊ လိင်ဆက်ဆံမယ် မဆက်ဆံဘူး အပါအဝင် လိင်နှင့်ပတ်သက် သောကိစ္စရပ်များအပေါ်မိမိကိုယ်တိုင် ဆုံးဖြတ်ချက်ချပိုင်ခွင့်၊ မိမိလက်တွဲဖော်ကို မိမိစိတ်တိုင်ကျ ရွေးချယ်ပိုင်ခွင့်၊ လိင်ပိုင်းဆိုင်ရာ ကိစ္စရပ်များတွင်ကျေနပ်ပျော်ရွှင်ပြီး ဘေးအန္တရာယ်ကင်းသောဘဝကိုပိုင်ဆိုင်ခြင်း (လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ အသရေပျက်မှု၊ ခွဲခြားဆက်ဆံမှုများနှင့် ထိန်းချုပ်မှုများမရှိပဲ) မိမိ၏လိင်စိတ်တိမ်းညွှတ်မှု၊လိင်ဝိသေသနခံယူမှုနှင့် ဖော်ထုတ်ပြောဆိုမှုများအပေါ် လွတ်လပ်စွာ၊ မိမိဆန္ဒအလျောက်ဆုံးဖြတ်ပိုင်ခွင့်၊ မိမိနှင့်ပတ်သက်သည့် အကြောင်းအရာများအား မပေါက်ကြားအောင် ထိန်းသိမ်းထား ပိုင်ခွင့်တို့ဖြစ်သည်။
လိင်ပိုင်းဆိုင်ရာကျန်းမာရေးဆိုသည်မှာအနာရောဂါ၊ကိုယ်ရောဂါချို့ယွင်းမှု၊ စွမ်းဆောင်ရည်အားနည်းမှုတို့မှ ကင်းရှင်းရုံသာမက လိင်မှု သဘာာဝနှင့်ဆက်နွယ်၍ကာယသုခ၊ လူမှုရေးသုခတို့နှင့် ပြီးပြည့်စုံနေသော အခြေအနေတစ်ခုဖြစ်ပါသည်။ လိင်မှုဆိုင်ရာ ကျန်းမာရေး အတွက်လိင်မှုသဘာဝနှင့် လိင်မှုကိစ္စများတွင် အပြုသဘောဆောင်ပီးလေးစားမှုထားသော ချဥ်းကပ်နည်းများလိုအပ်သကဲ့သို၊ အတင်း အကြပ်ပြုလုပ်ခြင်း၊ ခွဲခြားဆက်ဆံခြင်း၊ အကြမ်းဖက်ခြင်းတို့မှ လွတ်ကင်းပြီး လုံခြုံဘေးကင်းသောဘဝရရှိပိုင်ဆိုင်ရန်အတွက် လူသား အားလုံး၏ လိင်မှုဆိုင်ရာအခွင့်အရေးများကို လေးစားမှုထားပြီး ကာကွယ်ပေးရမည်ဖြစ်သည်။
မျိုးဆက်ပွားဆိုင်ရာအခွင့်အရေးဆိုသည်မှာအားလုံးသောစုံတွဲများနှင့် လူပုဂ္ဂိုလ်တစ်ဦးချင်း၏ အခြေခံအကျဆုံးသော အခွင့်အရေး ဖြစ်ပြီး၊ ၄င်းတို့ရယူလိုသည့်ကလေးအရေတွက်၊ ရယူလိုသည့်အချိန်အခါတို့ကို လွတ်လပ်ပြီး တာဝန်သိစွာဆုံးဖြတ်ပိုင်ခွင့်၊ လုပ်ဆောင် နိုင်ရန်မှန်ကန်သောသတင်း အချက်အလက်များရပိုင်ခွင့်နှင့် အမြင့်ဆုံးသောလိင်မှုဆိုင်ရာနှင့် မျိုးဆက်ပွားကျန်းမာရေး အဆင့်အတန်း ရပိုင်ခွင့်၊ ခွဲခြားဆက်ဆံခြင်း၊ အကြပ်ကိုင်ခြင်းနှင့်အကြမ်းဖက်မှုတို့မှ ကင်းလွတ်ပြီး မျိုးဆက်ပွားခြင်းနှင့် ပတ်သက်သော ဆုံးဖြတ်ချက် များလွတ်လပ်စွာချပိုင်ခွင့်၊ မိမိ၏ကိုယ်ရေးကိုယ်တာအတွင်းရေးများကို အများမသိအောင် လျှို့ဝှက်ထားပိုင်ခွင့်နှင့် အချင်းချင်းလေးစား ပိုင်ခွင့်၊ လူသားအချင်းချင်း အပြန်အလှန်လေးစားပိုင်ခွင့်နှင့် မျှတသော ကျား၊ မ ဆက်ဆံရေးများကို ပိုင်ဆိုင်ခွင့်တို့ဖြစ်ပါသည်။
မျိုးဆက်ပွားကျန်းမာရေးဆိုသည်မှာ အနာရောဂါနှင့် စွမ်းဆောင်ရည်အားနည်းမှုတို့မှ ကင်းရှင်းရုံသာမက မျိုးဆက်ပွားကျန်းမာရေး သည် လူ့ဘဝအဆင့်အားလုံးတွင် ပါဝင်သောမျိုးဆက်ပွားဖြစ်စဥ်၊ လုပ်ငန်းဆောင်ရွက်သည့်စနစ်အားလုံးနှင့် ဆက်နွယ်၍ ကာယသုခ၊ စိတ္တသုခ၊ လူမှုသုခတို့နှင့် ပြီးပြည့်စုံနေသော အခြေအနေတစ်ခုဖြစ်ပါသည်။ မျိုးဆက်ပွားကျန်းမာရေးသည် လူအများကို တာဝန်သိ၍ စိတ်ကျေနပ်မှုရှိပြီးလုံခြုံ စိတ်ချရသောလိင်မှုဆိုင်ရာ ဘဝကိုရရှိစေနိုင်သကဲ့သို့ ၄င်းတို့အနေဖြင့် မျိုုးဆက်ပွားနိုင်စွမ်းရှိခြင်း၊ မည်သည့် အချိန်ကာလတွင် ကလေးအရေအတွက် မည်မျှယူမည်ကို ဆုံးဖြတ်ပိုင်ခွင့်ရှိခြင်း တို့ကိုလည်း ရရှိစေမည် ဖြစ်ပါသည်။